မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် ပြခန်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မိုင်းကိုင် ဇွန် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တာရာယ်ခေါင်းစဉ်ဖြင့် ပြခန်းဖွင့်လှစ်ပြသခြင်းနှင့် ရှောင်လေဝေးဝေးမူးယစ်ဆေးခေါင်းစဉ်ဖြင့် ဆေးရောင် ခြယ်ပြိုင်ပွဲကို ယနေ့ မနက်ပိုင်းက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပရာ  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်၊ အရောင်တို့၏ ဂုဏ်သတ္တိ၊ မိတ်ဖက် အရောင်၊ ဆန့်ကျင်ဖက်အရောင်၊ အပူရောင်၊ အအေးရောင်၊ အလင်းရောင်၊အမှောင်ရောင် စသည်ဖြင့် အရောင်များအကြောင်းကို  ရှင်းလင်းပြောပြပြီးနောက် ပြိုင်ပွဲသို့တက်ရောက်လာကြသော အခြေခံပညာကျောင်းများ မှကျောင်းသားကျောင်းသူ(၂၀)ဦးတို့က  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုရပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် အာဟာရအစား အစာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော  လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲပြခန်းကို ဖွင့်လှစ်ပြသရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ စုစုပေါင်း (၃၅၀)ဦးတို့က လာရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)