ပြည်ကြီးတံခွန် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း အ-ထ-က ခွဲ (လ-၂၉)တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများနှင့် လူငယ်ထုအတွင်း စိမ့်ဝင်ပျံ့နှံ့နေသည့် စိတ်ကြွဆေးပြားများကို ရှောင်ရှားရမည့် နည်းလမ်းများကိုလည်းကောင်း ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်ထုနှင့် ဆေးလိပ်သောက်သုံးခြင်း အန္တရာယ်များကို လည်းကောင်း၊ ဦးစီးအရာရှိ ဦးညိုထွန်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ကျောင်းသားလူငယ်များ သိရှိ လိုက်နာသင့်သည့် အချက်များကို အသီးသီးဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ နံရံကပ် စာစောင်များ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)