မိုင်းဆတ် ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲက အ.ထ.က(ခွဲ)လ-၂ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ လမ်းမှားမရောက်စေရန် ဌာနဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ထုံထိုင်းစေသော ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်းမျိုး မပြုလုပ်ကြရန် အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးထိခိုက် ဆုံးရှုံးမှုများဖြစ်နိုင်ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည်များကို အသိပညာပေးဟောပြောကာ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အမှတ်(၂၉) မူးယစ်တပ်ဖွဲ့စုမှ ဒုရဲမှူးအောင်နိုင်ထွန်းက မူးယစ်ဆေးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အမှတ်(၂၉) မူးယစ်တပ်ဖွဲ့စုမှ ဒုရဲမှူးအောင်နိုင်ထွန်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိမိခိုင်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)