ဇမ္ဗူသီရိမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ

ဇမ္ဗူသီရိ ဇွန် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက အနာဂတ်နိုင်ငံတော်၏ သားကောင်းရတနာ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုပွဲကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ကြိုတင်ကာကွယ် ရှောင်ရှား တတ်စေရန်နှင့် ရှောင်လေဝေးဝေး မူးယစ်ဆေးဆိုသည့်အတိုင်း ကျောင်းသား လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ဝေးဝေးက ရှောင်ရှားသင့်သည့် အကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)