လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၄၀)အထက် ဆီးချို၊ သွေးတိုး(မကူးစက်ရောဂါများ)အား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကုသပေး

လယ်ဝေး ဇွန် ၂၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၄၀)အထက် သွေးတိုး၊ ဆီးချိုနှင့်သွေးတိုး (မကူးစက်ရောဂါများ)အား ရပ်ကွက်နှင့်ကျေးရွာ ကျန်းမာရေးဌာနများအလိုက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာန ၁၁ ခုဖြစ်သည့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ သပြေပင်၊ သာဝတ္ထိ၊ အေလာ၊ ဗောဓိကုန်း၊ ကန်သာ၊ စမတောင်၊ ဥသျှစ်လှိုင်း၊ မဒေါ့ပင်၊ သစ်ပုတ်ပင်နှင့် ဝက္ကမူ R.H.C များတွင် ဆောင်ရွက်ပေးလျက်ရှိပြီး ဇွန် ၁ ရက်မှစ၍ Simple Myanmar Application ဖြင့် စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ အသက် ၄၀ အထက်သွေးတိုး၊ ဆီးချိုဝေဒနာရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းသွားရောက်၍ စမ်းသပ်ခြင်း၊ ဆေးကုသမှုခံယူခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)