နမ့်ဆန် ဇွန် ၂၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Talk Show ကို ယနေ့နံနက်(၁၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက အသိပညာပေး Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းဖြစ်သော “ယနေ့လူငယ်များသည် စူးစမ်းလိုခြင်း၊ စမ်းသပ်လိုခြင်း၊ အပေါင်းအသင်းဆွဲဆောင်မှုကြောင့်သုံးစွဲခြင်း၊ မူးယစ်ဆေးစွဲသူအပေါင်းအသင်းဆန္ဒကို မလွန်ဆန်နိုင်ခြင်း၊ အထင်ကြီးအားကျမိခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ဗဟုသုတနည်းပါးခြင်းကြောင့်သုံးစွဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုခုကြောင့် ဆေးအဖြစ်စ၍ သုံးရာမှဆက်လက်သုံးစွဲရခြင်း၊ ပင်ကိုဗီဇညံ့ဖျင်းသည့် ကိုယ်ရည်ကိုယ်သွေးကြောင့် သုံးစွဲခြင်း၊ လူမှုရေးပြဿနာတစ်ခုခုကြောင့် သုံးစွဲရခြင်း၊ မိသားစုအတွင်း ဆက်ဆံရေးမပြေလည်ခြင်း၊ ကျောင်းသားဘဝတွင် စိတ်လေလွင့်၍ အပေါင်းအသင်းများ ဆွဲဆောင်မှုကြောင့် ဆေးသုံးစွဲခြင်း” စသည့်အကြောင်းအရင်းတို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ ကြောင်းသိရသည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များဖြစ်သော “မူးယစ်ဆေးဝါးသုံးစွဲသူဘဝမရောက်ရှိရန် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဝေးဝေးနေထိုင်ပါ မည်သည့်မူးယစ်ဆေးဝါးကိုမှ စမ်းသပ်သုံးစွဲလိုသည့်သဘောဖြင့် မသုံးစွဲပါနှင့်၊ တစ်ခါတစ်ရံသုံးစွဲရုံဖြင့် မူးယစ်ဆေးဝါး မစွဲနိုင်ဟုယူဆချက်ဖြင့် သုံးစွဲသူများကို ဆေးစွဲသည့်အဖြစ်သို့ ရောက်ရှိစေတတ်သည်ကို သတိပြုပါ၊ စိတ်ညစ်ခြင်း၊ ပြဿနာဖြစ်ခြင်းကို မူးယစ်ဆေးဝါးသုံးစွဲပြီး ဖြေရှင်းခြင်းမပြုပါရန်၊ ရောဂါ တခုခုအတွက် နားလည်တတ်ကျွမ်းသည့် ဆရာဝန်၏ ညွှန်ကြားချက်မှလွဲ၍ မည်သည့်မူးယစ်ဆေးဖြင့် မကုစားပါနှင့်”ဟု ဆောင်ရန်ရှောင်ရန်အတွက် လိုအပ်သည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ့်ဆန်ဒေသအဆင့်ရုံးအနေဖြင့် အသိပညာပေး Talk Show အပါအဝင်ပြည်သူများ အသိပညာပေးဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည် ရိုက်ကူးထုတ်လွင့်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)