ပင်လောင်းမြို့နယ်တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စတင်စစ်ဆေး

ပင်လောင်း   အောက်တိုဘာ   ၉

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေမှ ပင်လောင်းမြို့နယ်အဝင် ပေါင်းလောင်း မြို့ စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန် လိုအပ်သည့် လုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်တွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်သိန်းထွေး၊ ပေါင်းလောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပေါင်းလောင်းမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်နိုင်ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် ညွှန်ကြားချက်များအား အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ထွန်းလင်း (ပင်လောင်း)