စဉ့်ကူး ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် “ပြည့်စုံသူ” အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး “ရန်ကုန်-မန္တလေး-ပြင်ဦးလွင်-စဉ့်ကူး-ကျည်တောက်ပေါက် (စဉ့်ကူး-ရန်ကုန်) အဝေးပြေး ကားလိုင်းသစ်ကို ဇွန်လ ၁၅ ရက်နေ့မှစ၍ နေ့စဉ်ပြေးဆွဲလျက်ရှိသည်။
“ကျွန်တော်က ဒီမြို့နယ်ကပါ၊ စဉ့်ကူး-ရန်ကုန် တိုက်ရိုက်ပြေးဆွဲတာဟာ ဒါပထမဆုံး ပြေးဆွဲတာပါ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်လုံခြုံစိတ်ချစေရေးနှင့် မြို့နယ်ကပြည်သူတွေ စိတ်ချမ်းသာစွာနဲ့ အချိန်တိုအတွင်းမှာ မိမိတို့လိုရာခရီးကို အချိန်နှင့်တစ်ပြေးညီ သွားရောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပြေးဆွဲတာ ဖြစ်ပါတယ်၊ (စဉ့်ကူး-ရန်ကုန်)ခရီးစဉ်အတွက် စဉ့်ကူးမြို့ကနေ နေ့စဉ်နေ့လယ်(၂)နာရီခွဲမှာ စထွက်မှာ ဖြစ်ပါတယ်၊ (ရန်ကုန်-စဉ့်ကူး)ခရီးစဉ်အတွက်ကတော့ ရန်ကုန်ကနေ နေ့စဉ်ညနေ (၆)နာရီခွဲ အချိန်မှာ စထွက်ဖို့သတ်မှတ်ထားပါတယ်၊ (ပြင်ဦးလွင်-ရန်ကုန်) ခရီးစဉ်ကိုလည်း ဆက်လက်တိုးချဲ့ပြေးဆွဲဖို့ စီစဉ်ထားပါတယ်”ဟု စဉ့်ကူးမြို့ကားအသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း က ပြောသည်။
စဉ့်ကူးမြို့တွင် အဆိုပါ “ပြည့်စုံသူ” အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး အဝေးပြေးကားလိုင်းသစ် ဖွင့်လှစ်သည့်အတွက် စဉ့်ကူးမြို့နယ်အတွင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် ရန်ကုန်မြို့သို့ သွားရောက်လိုပါက အခြားမြို့များမှတစ်ဆင့် သွားရောက်ရန် မလိုအပ်တော့ဘဲ မိမိတို့မြို့မှ အဆင်ပြေစွာ သွားရောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက် )