ဒလ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး ရှောင်ရှားကြစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ဒလမြို့နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးသန်းဝင်းက မူးယစ်ဆေးဝါးအမျိုးအစား၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေး သုံးစွဲရောင်းချခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာသင့်သည့်အချက်များ စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကျင်းပရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဝင် ရောက်ယှဥ်ပြိုင် ကြပြီး ဆုရရှိသူများအား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး၊ သဘာဝဘေး အန္တရာယ်အသိပညာပေးနံရံကပ် စာစောင်များနှင့် စာအုပ်၊ စာစောင်များ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြင့်ဇော်