မြောက်ဦး ဇွန် ၂၀
မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် မုန်တိုင်းသင့် ဘုန်းတော်ကြီးကျောင်းများအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော နဝကမ္မအဖြစ်ထောက်ပံ့ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများသည် အလယ်ဈေးရပ်ကွက်၊ မဟာပညာသီဟာရာမပရိယတ္တိစာသင်တိုက် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဓမ္မပီယ အရှင်သူမြတ်ထံမှ ဩဝါဒခံယူကြပြီးနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော နဝကမ္မငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဆင်ချဆိပ်ရပ်ကွက်၊ ရတနာတေဇာရမ္မဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ကြပြီး ထောက်ပံ့ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းသင့် ဘုန်းတော်ကြီးကျောင်း (၁၀၀) သို့ ကျောင်းများပြန် လည်ပြုပြင်နိုင်ရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် သိန်း (၁၀၀)အား နဝကမ္မ ငွေများအဖြစ် ဆက်ကပ်လှူဒါန်းလျက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလည်း မြောက်ဦးမြို့နယ်အတွင်းရှိ မုန်းတိုင်းသင့် ဘုန်းတော်ကြီးကျောင်းများသို့ သွပ်နှင့် လှူဖွယ်ဝတ္တုများကို လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)