ကျောက်မဲ ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၉) အခြေခံပညာမူလွန်ကျောင်းနှင့် အ.လ.က (၃) ထခွဲကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားကောက်နှုတ်ချက်အပါအဝင် "မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်"၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား စသည့် ခေါင်းစဉ်များဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ သိမှတ်ဖွယ်ရာ အကြောင်းအရာများနှင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များစုံလင်စွာ ဖော်ပြပါရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)