ဟိုပုံး ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဂျပန်နိုင်ငံအစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်ခဲ့သော နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု၊ ဒုံလိတန်ကျေးရွာ အခြခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၁၉)ရက်နေ့က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့် လှစ်ပြီးနောက် အမှတ်တရ သစ်ပင်များစိုက်ပျိုးပေးခဲ့ကြသည်။ အဆိုပါကျောင်းတွင် အခမ်းအနားအား ဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ဟိုပုံးမြို့နယ်၊ နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု၊ ဒုံလိတန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်ကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့များကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ကျောင်းဆောင်များရေရှည် တည်တံ့ရေး၊ ကျောင်းနှင့် ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးစေလိုကြောင်းနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေပျော်၍ စာတော်ရေး၊ ဘက်စုံထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာရေး အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် နိဖွန်ဖောင်ဒေးရှင်း(စေတနာ) တာဝန်ရှိသူတို့က ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ကျောင်းဆောင်သစ်အထိမ်းအမှတ် အလံနှင့် ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများအား မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး စေတနာအဖွဲ့နှင့် လူထုဖွံဖြိုးရေးကော်မတီသို့ ကျေးရွာဖွံဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၄၀)အား နီပွန်ဖောင်ဒေးရှင်းမှပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်ဆောက်လုပ်ထားမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲကြသည်။ အဆိုပါ ဒုံလိတန်အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်အား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး အလျား(၁၂၀ပေ)၊ အနံ(၃၀ပေ)ရှိ အုတ်ညှပ်အမျိုးအစား တစ်ထပ်ဆောင်ဖြစ်ပြီး နီပွန်ဖောင်ဒေးရှင်း(စေတနာ)မှ ကျပ်(၈၉၄၁၉၈၄၅)နှင့် ဒေသခံပြည်သူများမှ ပူးပေါင်းပါဝင် ငွေကျပ်(၁၈၂၈၀၆၀၀)တို့ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)