ကျောက်ဖြူ ဇွန် ၂၀
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထွက်ပေါက်ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ကြည့်ရှု၍ အားပေးစကားများပြောကြားသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့ သန်ပန်ချောင်းရပ်ကွက်သို့ သွားရောက်ပြီး ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက်ယန္တရားများ၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆)မှ အရာရှိ၊ စစ်သည်များ၊ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ရေနုတ်မြောင်းများအတွင်းရှိ ပိတ်ဆို့နေသော စွန့်ပစ် ပလပ်စတစ်နှင့်အမှိုက်များ ပြန်လည်ဆယ်ယူတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အမှိုက်များအား ရေနုတ်မြောင်းများအတွင်း ပြန်လည်စွန့်ပစ်ခြင်း မပြုလုပ်စေရေးနှင့် သတ်မှတ်ထားသော နေရာများတွင် စနစ်တကျစုပုံစေရေး တာဝန်ရှိသည်များအား လမ်းညွှန်မှာကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ဘုန်းတော်ကြီးကျောင်းတွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၊အမှတ်(၆) နယ်လှည့်ဆေးကုသရေးအဖွဲ့ ပါရဂူနှင့် သူနာပြုများမှ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုပြီး ဆေးကုသမှု ခံယူရန်လာရောက်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)