တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

တောင်ကြီး ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၈ နာရီခွဲက ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက ပြိုင်ပွဲများပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အလယ်တန်းအဆင့် ကျောင်းသားလူငယ်များအတွက် စာစီစာကုံး၊ ပန်းချီ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သင်္ချာ၊ သမိုင်းဉာဏ်စမ်းပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက အမှာစကားပြောကြားပြီး တောင်ကြီးခရိုင်ဦးစီးမှူးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ဟောပြောသည်။

ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဦးစီးမှူးမှလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယပြည်နယ်ဦးစီးမှူးမှလည်းကောင်း၊ အကဲဖြတ်ဒိုင်များအတွက် အမှတ်တရလက်ဆောင်နှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအတွက် တောင်ကြီး ခရိုင်ဦးစီးမှူးတို့က ဆုများအသီးသီးချီးမြှင့်ပေးကြကြောင်းနှင့် စာကြည့်တိုက်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း