လားရှိုး ဇွန် ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(လားရှိုး) စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းခန်းမတွင် ယနေ့နေ့လယ် ၁ နာရီအချိန်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါ၏ဆိုးကျိုးများနှင့် လားရှိုးလူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများအကြောင်း၊ အခမဲ့ဖွင့်လှစ်ပေးလျက်ရှိသည့် သင်တန်းများအကြောင်းကို ရှင်းလင်းဟောပြောသည်။
အဆိုပါဟောပြောပွဲသို့ စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း တက်ရောက်နေကြသည့် လူမှုအကျိုးပြုဆောင်ရွက်နေကြသူ သင်တန်းသား၊ သင်တန်းသူများ၊ ပြန်လည်ထူထောင်ရေးစခန်းမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)