ကျိုင်းတုံမြို့တွင် ရန်ကုန်မှ ပြန်လာသူ(၂)ဦးအား အသွားအလာကန့်သတ်ထားရှိ

ကျိုင်းတုံ    အောက်တိုဘာ   ၉   

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အတွင်း  ကိုဗစ်-၁၉  ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အဝင်ကျိုင်းဖောင်း အနီးတွင် ကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးတွင် ဆေးကုသမှုခံယူကာ ပြန်လည် ဝင်ရောက်လာသော မြောက်ဥက္ကလာပဆေးရုံတွင် ဆေးရုံတက်ရောက်ကုသခဲ့သူ  အမျိုးသမီး (၁)ဦးနှင့်  လူနာစောင့် (၁) ဦးတို့ အား ကျိုင်းတုံမြို့ ပညာရေးကောလိပ်တွင် ဖွင့်လှစ်ထားသော အသွားအလာ ကန့်သတ်နေရာတွင် ထားရှိဆောင်ရွက်ထားကြောင်း သိရသည်။    

ရှမ်းပြည်နယ်အရှေ့ပိုင်း (ကျိုင်းတုံ)သို့ လာရောက်သော ခရီးသွားပြည်သူများသည် နေ့စဉ်ဦးရေ(၁၀၀)ကျော် ဖြတ်သန်း သွားလာလျက်ရှိပြီး၊ ကုန်တင်ကားကြီးများ အနေဖြင့် နေ့စဉ်ပုံမှန် (၁၀)စီးခန့်သာ ဖြတ်သန်းသွားလာကာ အဆိုပါ ခရီးသွား ပြည်သူများနှင့် ကုန်တင်ယာဉ်မောင်းများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ကျန်းမာကြောင်း ထောက်ခံစာ စစ်ဆေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံက သိရသည်။
    
ငုချိုချိုကျော် (ပြန်/ဆက်)