တာချီလိတ် ဇွန် ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဇွန်လ ၂၃ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်မည့် တာချီလိတ်မြို့နယ် အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြိုင်ပွဲဝင်အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဝင်များနှင့် မြို့မိမြို့ဖများမှ ဇွန်လ ၂၃ ရက်မှ ဇူလိုင်လ ၈ ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပမည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် ပြိုင်ပွဲအသင်းအား ထောက်ပံ့အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် အမျိုးသမီးဘောလုံးအသင်းကို အသင်းသူ ၁၈ ဦး၊ အုပ်ချုပ်သူ ၂ ဦးဖြင့် စခန်းသွင်းလေ့ကျင့်ကာ တာချီလိတ်မြို့နယ်အနေဖြင့် ယှဉ်ပြိုင်ကစားမည့် ကစားသမားများထဲမှ မြန်မာ့လက်ရွေးစင် U-19 အသင်းတွင်ရွေးချယ်ခံရသူ တစ်ဦးပါဝင်ကြောင်းသိရပြီး၊ ဇွန်လ ၂၃ ရက်နေ့တွင် စတင်ကျင်းပမည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၃၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)