ပင်းတယ ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျောက်စုကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကျောက်စု)၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများကို အသိပညာပေး ဟောပြောပေးခဲပြီး အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကျောက်စု)မှ ကျောင်းအုပ်ဆရာကြီး ဦးကြည်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်စာစောင်များ ပြသပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)