ဝိုင်းမော် ဇွန် ၂၀
၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) မူးယစ်ဆေးဝါးနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၂) တေဇခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးကြည်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်လွင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဆိုးကျိုးများကို ပရိုဂျက်တာဖြင့် ပြသ၍ ကျောင်းသား လူငယ်များ သိရှိလိုက်နာရမည့် အချက်များကို ဟောပြောခဲ့သည်။
ဆက်လက်၍ ဝိုင်းမော်မြို့နယ် အမှတ် (၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ဇာနည်စိန်အောင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာများကို လည်းကောင်း၊ ရဲတပ်ကြပ်ကြီး ကျော်ကျော်ထွေးက ယာဉ်စည်းကမ်း လက်အချက်ပြယာဉ်လမ်းရှင်းလင်း လက်တွေ့ သရုပ်ပြသပြီး၊ အမှတ် (၂) အခြေပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ဖြူစင်