သုံးခွမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်

သုံးခွ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ် ၁၈ စက်မှုလယ်ယာစခန်း၊ သန်လျင်မြို့မှ သုံးခွမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန် အနောက်ကျေးရွာ သုံးခွမျိုးသန့်ခြံ ၌ပြုလုပ်ခဲ့ကြသည်။

ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းဖြင့် ရရှိ့မည့်အကျိုးကျေးဇူးများမှာ လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အလုပ်သမားရှာဖွေရသည့် အခက်အခဲများလျော့ကျခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါအထွက် နှုန်းကောင်းစေခြင်းများအပြင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန်အတွက် ပျိုးထောင်ခြင်းနည်းစနစ်များ ဖြစ်သည့်သန့်စင်ပြီး ရောဂါကင်း​သော ကောင်းမွန်သင့်လျော်သော မျိုးစပါးကိုရွေးချယ်သင့်ပါကြောင်း၊ ကောက်စိုက်စက် အသုံးပြုမည့်လယ်ကွက်သည် ရေသွင်းရေထုတ်ကောင်းမွန်ရန်နှင့် လယ်မြေမျက်ပြင် ညီညာမှုရှိရန်လိုအပ်ပါကြောင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် တရက်ပြီးစီးနှုန်း ၆.၅ဧကမှ ၈.၅ဧက  ပြီးစီးပါကြောင်း စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံတာ၀န်ခံ ဦးစီးအရာရှိ ဦးအောင်ရဲ့ထွဋ်က ပြောကြားသည်။

ဆက်လက်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှုသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့၀င်များ ဌာနဆိုင်ရာအကြီးကဲများနှင့် စိတ်ပါ၀င်စားသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ ဆက်)