တာလေ ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အများ ပြည်သူများထံ အခမဲ့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ “အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ”၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ ၂၆-၆-၂၀၂၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ နုခန့်ယဉ် (ရစ်ကန်ကြီး)ရေးသားသော “မူးယစ်ဆေးဝါး တို့ရှောင်ရှား” ကဗျာ၊ ရှမ်းပြည်နယ်၊ နောင်တရား ဒေသ၌ ဘိန်းအစားထိုးစိုက်ပျိုးသည့် အစေ့ထုတ်ပြောင်းစံပြကွက် ရိတ်သိမ်းပွဲပြုလုပ်နေစဉ်နှင့် ပင်လောင်း မြို့နယ်၊ ပင်မွန်းအုပ်စု၊ မြေတိုင်ကျေးရွာအနီးနှင့် ထီတမောင်းကျေးရွာအနီးတို့တွင် ဘိန်းစိုက်ခင်းများကို ဖျက်ဆီးရှင်းလင်းစဉ် မှတ်တမ်းဓာတ်ပုံ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ “မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားအသွင် တိုက်ဖျက်” ခေါင်းစဉ်ဖြင့် ဆောင်းပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့်အမှာစကားမှ “ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်” ခေါင်းစဉ်ဖြင့် ကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (ကာတွန်းနှင့် ဆောင်ပုဒ်)များဖြင့် ဝေဝေဆာဆာထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)