ဟိုပုံး ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးအနေဖြင့် ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းတွင် နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က ကျောင်းသား၊ ကျောင်းသူများအား မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်များကို ဆောင်းကြရန်၊ နှစ်ဦးထက် ပိုမစီးရန်၊ မော်တော်ယာဉ်မောင်းနှင်သူများ၊ စီးနင်းသူများ ခါးပတ် ပတ်ကြရန်၊ ယာဉ်များအသုံးပြုရာတွင် ပေါ့ဆစွာ အသုံးပြုခြင်းကြောင့် စက္ကန့်ပိုင်းအတွင်း ဆုံးရှုံးသွားနိုင်သော အသက်အန္တရာယ်များ၊ လမ်းအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာသင့်သည့် အချက်များ စသည့် ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားနိုင်ရေးအသိပညာပေးခြင်းကိုလည်းကောင်း၊ Vape အသုံးပြုခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းနှင့် ဝန်ထမ်းများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်တို့က ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီးနောက် မူးယစ်ဆေးဝါး အန္တရာယ်၊ ပလတ်စတစ်အန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဗီနှိုင်းပိုစတာ များပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)