သုံးခွ ဇွန် ၂ဝ
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ သူလေးများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှအသိပညာဗဟုသုတများတိုးပွား ရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉နာရီအချိန်က လောကမာရဇိန် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ခန်းမကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဆရာကြီး ဦးမြရွှေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက ရရှိလာမည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ ဆေးလိပ်ကစ မူးယစ်ကဆိုသည့်အတိုင်း ကျောင်းသားလူငယ်များအနေဖြင့် ဆေးလိပ်ကို မသောက်သုံးသင့်ပါကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်းနှင့် စာပေဖတ်ရူ့ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားစေဖို့အတွက် ယခုလို ဟောပြောပွဲတွေကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် သားငယ်သမီးငယ်လေးများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတရရှိမည့် စာပေများကိုလည်း ဖတ်ရူ့သင့်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းမော်က ကုန်ညွှန်းအမှတ်အသားမပါရှိသည့် အစားအစာများ၊ FDA၏ ထောက်ခံချက်မရှိဘဲ အများပြည်သူများ သုံးစွဲရန် မသင့်သောအစားအစာများ၊ဓာတုဆေးဝါးများဖြင့် ပြုလုပ်ထားသော အစားအစားများကို မစားသုံးရန်ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးသုတ၊ ရသစာအုပ်ပြပွဲနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျတ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ ၂၀၂၂-၂၀၂၃ ပညာရေးဆိုင်ရာကိစ္စရပ်များကိုပြသခဲ့ရာ ကျောင်းသား/ သူများက စိတ်ဝင်စားစွာ ကြည့်ရူ့လေ့လာကြကြောင်း သိရသည်။
စည်သူလင်း (ပြန်/ ဆက်)