ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျောပိုးအိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

ပူတာအို ဇွန် ၂၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ လိုအပ်လျက်ရှိသော ကျောပိုးအိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပူတာအိုမြို့နယ် လန်းတောင်ကျေးရွာအုပ်စု ဇီဒမ်း-၂ ကျေးရွာ ဘုရားကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်လဖိုင်နန်ဆိုင်းက ကျောင်းသုံး ကျောပိုးအိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကချင် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ အဖွဲ့ဝင် ပြည်နယ်သယံ ဇာတရေးရာ ဝန်ကြီး၏ ဇနီး ဒေါ်ဒေါင်နန်း၊ အဖွဲ့ဝင် ပြည်နယ်တိုင်းရင်းသားရေး ရာဝန်ကြီး၏ဇနီး ဒေါ်သွဲ့လေးအောင်တို့က ကျောပိုးအိတ်နှင့် စာအုပ်၊ ခဲတံ၊ ပေတံ၊ ရောင်စုံခဲတံ၊ ခဲဖျက် စသည့် ငါးမျိုးပါစာရေးကိရိယာများကို ကျောင်းအလိုက် ထောက်ပံ့ပေးအပ်ရာ ကျောင်းအသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။

ဆက်လက်၍ ပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဇီဒမ်း-၂ ကျေးရွာနေ ပြည်သူ ဦးထိန်နန်ဆိုင်းက ထောက်ပံ့ပေးအပ်မှုအပေါ် ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများက ဇီဒမ်း-၂ ကျေးရွာအခြေခံပညာ မူလတန်းကျောင်း ကျောင်းသား၊ ကျောင်သူများထံ ကျောပိုးအိတ်နှင့် စာရေးကိရိယာများအား တစ်ဦးချင်း လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကာ အခမ်းအနား တက်ရောက် လာသည့် KG တန်း၊ မူကြိုကလေးများနှင့် ကျောင်းသားမိဘများအား ထောက်ပံ့ငွေများ တစ်ဦးချင်း လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် အမက(ဇီဒမ်း-၂)ကျောင်းအတွက် ကျောပိုးအိတ်နှင့် ငါးမျိုးပါစာရေး ကိရိယာ(၅၅)ထုပ်၊ အမက(ပင်စင်)ကျောင်းအတွက် ငါးမျိုးပါစာရေးကိရိယာ(၅၇)ထုပ်၊ အမက(မုဒုံ) ကျောင်းအတွက် ငါးမျိုးပါစာရေးကိရိယာ (၄၉)ထုပ်၊ အမက(ပါခီး)ကျောင်းအတွက် ငါးမျိုးပါစာရေး ကိရိယာ (၆၄)ထုပ်ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)