ကွမ်းလုံ ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ (၅)ရက်တစ်ကြိမ် ကျရောက်သည့် ယနေ့ ဈေးနေ့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းဖြစ်သည့် နှာခေါင်းစည်း Mask ဖြန့်ဝေခြင်းကို ဗိုလ်ချုပ်လမ်းမပေါ်နှင့် မြို့မဈေးအတွင်းတွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ယင်းသို့ဆောင်ရွက်ရာ၌ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာလျက်ရှိသော လမ်းသွားလမ်းလာပြည်သူများနှင့် မော်တော်ယာဉ်များ၊ ဈေးရောင်း/ဈေးဝယ်သူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကွမ်းလုံမြို့နယ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌ ဖြတ်သန်းသွားလာ ရသည့် မြို့တစ်မြို့ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ကုန်စည်ကူးသန်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရန် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)