ပုံပါကျင် အောက်တိုဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လွှတ်တော် ရန်ပုံငွေကျပ်သိန်း (၁၀၀၀)ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့က ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လွှတ်တော်သိန်း (၁၀၀၀) ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် ရပ်ကျေးကော်မတီမှ တင်ပြထားသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သော ရပ်ကွက်/ ကျေးရွာ အုပ်စုအတွင်းရှိ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စိမ့်စမ်းရေသွယ်တန်းရန်အတွက် သောက်သုံးရေကန် တည်ဆောက်မည့်လုပ်ငန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်နှင့် ပုံပါကျင်မြို့ အုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းရရှိမည့် မိုင်းတုံမြို့နယ် လွှတ်တော်ရန်ပုံငွေကျပ်သိန်း (၁၀၀၀)မှ ပုံပါကျင်မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ လျာထားတင်သွင်းသည့် လုပ်ငန်း(၂၀)မှ အမှန်တကယ်လိုအပ်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၀)ခုကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စန္ဒီ(ပြန်/ဆက်)