အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့်နံရံကပ်စာစောင်၊ စာအုပ်ပြပွဲတွံတေး၌ ပြသ

တွံတေး ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ရာ အိုးဖိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးသက်ဦးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပရ​ခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးသည် တစ်မျိုးသားလုံး၏ အဓိကရန်သူဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိရှိပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်အန္တရာယ်အ​ကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာပေအသိပညာဗဟုသုတများမြင့်မားလာစေရန်၊ စာဖတ်ရှိန်မြှင့်မားစေရေးအတွက် စာအုပ်များခင်းကျင်းပြသရာ ကျောင်းသား ၊ ကျောင်းသူများက လေ့လာဖတ်ရှုခြင်းနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုမှတ်သားကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တွံတေးသား