ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ ဇွန် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာရေးဆရာဦးစိန်ဝင်း၏ လူငယ်နှင့်အချိန်၏တန်ဖိုး စာအုပ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ​ ဒေါ်သန္တာလင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ ဦးခင်မောင်ကျော် (ရဲမွန်ကျော်)က လူငယ်တွေရဲ့ အနာဂတ်ဆီသို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  စာရေးဆရာမ ချယ်ချယ်(YU)က စာဖတ်ခြင်းအတတ်ပညာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ဦးဘိုသန်း(ဘုန်းရဲနိုင်)က မိတ်ဆွေကောင်းနှင့်ခရီးသွားပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးမောင်မောင်တာ (သဘာဝ) က လူငယ်များ ပျိုးထောင်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း  အသီးသီးဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

လှိုင်မြင့်(ပြန်/ဆက်)