တာချီလိတ်မြို့၌ မြို့ရှောင်လမ်း ကျောက်ရောမြေဖို့ ခင်းကျင်းနေမှု ကွင်းဆင်းစစ်ဆေး

တာချီလိတ် ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အာဆီယံ Free Trade Zone ဖြစ်ပေါ်လာသည့်အခါ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂)တံတားမှတစ်ဆင့် မြို့ရှောင်လမ်းအတိုင်း မောင်းနှင်၍ ပြည်တွင်းပြည်ပသို့ ကုန်သွယ်စီးဆင်းမှုလမ်းကြောင်း ဖြစ်ပေါ်လာနိုင်စေရန်နှင့် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ ဖြေလျှော့ပေးနိုင်ရန် ရည်ရွယ်၍ အမှတ်(၂) တံတားမှ လေယာဉ်ကွင်းအနီး စက်မှုရပ်ကွက်သို့ အရှည် ၄ မိုင်၊ လမ်းနယ်အကျယ် ၈၄ ပေရှိ မြို့ရှောင်လမ်းဖောက်လုပ်လျက်ရှိရာ ကျန်ရှိသည့် လမ်းမြေနေရာများအား ကျောက်ရောမြေဖို့ခြင်း ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းမြေဧရိယာအတွင်း ပါဝင်သွားသည့် လယ်ယာ၊ ဥယာဉ်ခြံမြေ ပိုင်ရှင် ၁၉၆ ဦးအား  နိုင်ငံတော်မှ သတ်မှတ်ပေးသော လျော်ကြေးငွေများ ပေးအပ်ခဲ့ပြီး ယခု သွားရလာရခက်သည့် နေရာများအား ကျောက်ရောမြေဖို့လျက်ရှိရာ ပြီးစီးပါက တွဲကားကြီးများနှင် ကုန်တင်ကားများအား မြို့ရှောင်လမ်းအတိုင်း မောင်းနှင်စေမှာဖြစ်ကြောင်း  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်ထံမှ သိရသည်။

အဆိုပါ မြို့ရှောင်လမ်းဖောက်လုပ်ပြီးစီးပါက မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှု ပြဿနာများလည်း ဖြေလျှော့ပေးနိုင်မည်ဖြစ်ပြီး တွဲကားနှင့် ကုန်တင်ယာဉ်ကြီးများ မြို့တွင်းသို့ ဖြတ်သန်းမောင်းနှင်စရာမလိုဘဲ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်၍ ဒေသလူမှုစီးပွားများကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သောကြောင့် မြို့ရှောင်လမ်းဖောက်မှု အမြန်ပြီးစီးရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်စွာလွင်က ကျောက်ရောမြေ ၁၀၀ စီး၊ 1G1 ဟိုတယ်မှ ကျောက်ရောမြေ ၂၀၀ စီး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)