နောင်တရား ဇွန် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။
ပန်းချီပြိုင်ပွဲတွင် နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade 9၊ 10၊ 11၊ 12 မှ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါကျောင်းသား ကျောင်းသူများသည် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်အောက်မှ မိမိတို့နှစ်သက်သည် အတွေးအမြင်ပန်းချီပုံများ ရေးဆွဲယှဉ်ပြိုင်ကြသည်။ ပန်းချီပြိုင်ပွဲတွင် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူ (၅)ဦးကို ရွေးချယ်၍ ဆုများချီးမြှင့်ခဲ့သည်။ ပထမဆုနှင့် ဒုတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအလ်ယ်အောင်ဒင်မှိုင်မှ လည်းကောင်း၊ တိယဆုနှင့် နှစ်သိမ့်ဆုများကို နောင်တရားမြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ခင်မောင်မြင့်မှ လည်းကောင်း ဆုများချီးမြှင့်သည်။ အဆိုပါပန်းချီပြိုင်ပွဲသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် နောင်တရား နယ်မြေရဲစခန်းမှ စခန်းမှူးတို့က ကြည့်ရူအားပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း၊ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် မူးယစ်အသိပညာပေး ရေးသားဖော်ပြထားသည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)