မုဒုံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မုဒုံ ဇွန် ၂၀

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ မုဒုံမြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက အမှာစကားပြောကြားပြီး ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးအောင်ဇော်ထူးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဆိုင်ရာဖြစ်စဥ်များ၊ လူကုန်ကူးမှုဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆို ချက်များနှင့် လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား အသိပညာပေး ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ပြည်နယ်မူးယစ် ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးတပ်ဖွဲ့စုမှ ရဲအုပ်လင်းလင်းဦးက မူးယစ်ဆေး ဝါးအမျိုးအစားများ၊ သုံးစွဲရောင်းချခြင်း၏ ဆိုးကျိုးများနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ စသည့်အကြောင်းအရာများကို ပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိက ပြစ်မှုပြစ်ဒဏ်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ သက်ဆိုင်ရာပြည်နယ်တာဝန်ရှိသူများ၊ မုဒုံမြို့မရဲစခန်းမှ ရဲမှူးခင်ဇော်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၂၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သားငယ်(ပြန်/ ဆက်)