ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇေယျာသီရိ ဇွန် ၂၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

‌ဟောပြောပွဲသို့ မြို့နယ်ပညာ‌‌ရေးမှူး ဦးခင်မောင်လွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းသူ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှကေသီဦး၊ ဒုတိယဦးစီးမှူး ဦးရဲကျော်အောင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဝင့်အောင်နှင့် ဆရာ/ မများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ပြီး ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်လှကေသီဦးနှင့် ဒုတိယဦးစီးမှူး ဦးရဲကျော်အောင်တို့က မီးဘေးအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ မုန်တိုင်းအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား/ သူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းဘေးပညာပေးစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)