မိတ္ထီလာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျပန်းစကားပြောပြိုင်ပွဲတွင် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ကျပန်းစကားပြောပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ယင်းပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လစဉ် ကျပန်းစကားပြောပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)