ကျိုင်းတောင်း ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာအထက်တန်း (တုန်ဟုန်း)ကျောင်းသို့ သွားရောက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုင်းတောင်း နယ်မြေရဲစခန်းနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသား၊ ကျောင်းသူများကို “မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ကျိုင်းတောင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်လှဝင်းနောင်က “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ အခြေခံပညာအထက်တန်း(တုန်ဟုန်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်က ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)