ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာလ ၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်နှံမှုများမရှိ စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သီးခြားနေထိုင် စောင့်ကြည့်မှုများကို ပြုလုပ်သွားနိုင်ရေးအတွက် အခြေခံပညာကျောင်းတစ်ကျောင်းကို Quarantine Centre အဖြစ်ထပ်မံ၍ ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
အ.ထ.က(ခွဲ)အတွင်းရေကျော် အခြေခံပညာကျောင်းကို Quarantine Centre အဖြစ် အောက်တို ဘာလ(၇) ရက်နေ့ကနေစတင်ပြီးတော့ထပ်မံဖွင့်လှစ်လိုက်တာပါ၊ အခု ဒီစင်တာမှာဆိုရင် Quarantine ဝင်ရောက်နေ တဲ့သူ ဦးရေက(၆၀)ဦးထိရှိပါတယ် မြို့နယ်မှာ ဒီကျောင်းစင်တာနဲ့ဆို အခြေခံပညာ ကျောင်း(၅)ကျောင်းကို Quarantineစင်တာအဖြစ် ဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်ဟု မြို့နယ် အုပ်ချုပ် ရေးမှူး ဦးသန်းဇော်လင်း ကရှင်းပြသည်။
Quarantine Centre အဖြစ် ထပ်မံဖွင့်လှစ်ခဲ့သည့် အ.ထ.က(ခွဲ)အတွင်းရေကျော်ကျောင်းသို့လည်း အောက်တိုဘာလ (၈)ရက်နေ့၊ မွန်းလွဲပိုင်းက အလှူရှင် ဦးအေးနိုင် (ကျော်-ဓာတ်မြေသြဇာ နှင့် စက်သုံးစီ ရောင်းဝယ်ရေး) မိသားစုတို့နှင့် မြို့မပရဟိတလူငယ်အဖွဲ့တို့က PPE Level-2 ဝတ်စုံ (၁၀)၊ နှာခေါင်းစည်း Mask အခု (၅ဝဝ)၊ ရေသန့်ကတ်(၂၀)၊ လက်သန့်ဆေးရည်ဘူး၊ လက်အိတ်များ၊ ခေါင်းစွပ်များကို သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်းသိရပြီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်နှင့် မြို့နယ်မီးသတ် တပ်ဖွဲဝင်များကလည်း အ.ထ.က(ထန်းတပင်)စင်တာ တွင် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ်တစ်သိန်း ကို စင်တာ မှတာဝန်ရှိသူများထံသို့ လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)