မိုင်းကိုင်မြိုနယ်၊ အ.လ.က(ပန်ကတ်)သို့ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် ဇွန် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကျောင်းသားကျောင်းသူများ  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာဗဟုသုတများ  တိုးပွားစေရန်နှင့်  မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးကြစေရန်ရည်ရွယ်၍  ယနေ့မနက်ပိုင်းက  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍   အခြေခံပညာအလယ်တန်းကျောင်း (ပန်ကတ်)သို့ ကွင်းဆင်း၍ လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အသိ ပညာပေးသတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ငှားရမ်းခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းမှုတွင်  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်၊ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ဘိန်းပြီးရင်ကြောက်စရာအကောင်းဆုံးက  WY ခေါ်စိတ်ကြွရူးသွပ်ဆေး ပြားပါပဲ၊ လူငယ်နှင့်မူးယစ် ဆေးဝါးအန္တရာယ် စသည့်ခေါင်းစဉ်များဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးနှင့် တာဝန်ရှိသူများက အသိပညာပေး ဟောပြောကြရာ  တက်ရောက် လာသော ကျောင်းသားကျောင်းသူများမှ  မိမိတို့သိရှိလိုသည်များကို ပြန်လည် ဆွေးနွေး မေးမြန်းခဲ့ကြသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သုတနှင့်ရသစာအုပ်များအား ငှားရမ်းပေးခြင်းများ ဆောင်ရွက်ရာ  ကျောင်းသား၊ ကျောင်းသူများနှင့်  ဆရာဆရာမများက  ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)