မြန်မာ့ကျောက်မျက်ရတနာများ နိုင်ငံတကာပြပွဲများတွင် ဝင်ရောက်ပြသနိုင်ရေးဆွေးနွေး

ရန်ကုန်  ဇွန် ၂၀

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ဟန်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ကျောက်မျက်ရတနာများ နိုင်ငံတကာစျေးကွက်တွင် ဝင်ရောက်နေရာယူနိုင်ရန်၊ နိုင်ငံတကာပြပွဲများတွင် အချိန်မီပြသနိုင်ရန်တို့အတွက် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အသင်းချုပ်တာဝန်ရှိသူများနှင့် ယမန်နေ့ နံနက်တွင် အသင်းချုပ်ရုံး၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင်ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းကအသင်းချုပ်နှင့် ညီနောင်အသင်းများသည် တစ်သားတည်းဖြစ်ပါကြောင်း၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေကြပါကြောင်း၊ အသင်းချုပ်သည်ညီနောင်အသင်းများအားလုံးနှင့် စုဖွဲ့ထားခြင်းဖြစ်သည့်အတွက် ညီနောင်အသင်းများ၏ အရေးကိစ္စသည် အသင်းချုပ်၏အရေးကိစ္စဖြစ်ပါကြောင်း၊ ညီနောင်အသင်းများ၏သင်းဖွဲ့စည်းမျဉ်းပြင်ဆင်မှု၊ ရွေးကောက်ပွဲကျင်းပမှု၊ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကျင်းပမှု စသည်တို့တွင် အသင်းချုပ်နှင့် ရင်းနှီးပွင့်လင်းစွာညှိနှိုင်းတိုင်ပင်နိုင်ပါကြောင်း၊ အသင်းချုပ်သည်နိုင်ငံတကာအဖွဲ့အစည်းများနှင့် လည်းချိတ်ဆက်မှုအားကောင်းပြီး နိုင်ငံတကာပြပွဲများတွင် အတွေ့အကြုံများရှိသောကြောင့် မြန်မာ့ကျောက်မျက်ရတနာများ ဝင်ရောက်ပြသနိုင်ရန်အခွင့်အလမ်းများစွာရှိပါကြောင်း၊ အသင်းချုပ်မှချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ဟန်က မကြာသေးခင်ကအိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သည့် BIMSTEC ပွဲကြီးတွင်အသင်းချုပ်၏ ပံ့ပိုးမှုဖြင့် မြန်မာ့ကျောက်မျက်ရတနာများ အချိန်မီပြသနိုင်မှုအတွက် များစွာကျေးဇူးတင်ပါကြောင်း၊ အသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကဏ္ဍတိုင်းတွင်  စိန်ခေါ်မှုများ၊ အခက်အခဲများရှိသော်လည်း ရင်ဆိုင်ကျော်လွှားဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း၊ အသင်းချုပ်မှဖိတ်ကြားသည့် အစည်းအဝေးများကိုလည်း မပျက်မကွက်တက်ရောက်လျက်ရှိကြောင်း၊ ပြောကြားခဲ့သည်။

တက်ရောက်လာသူများမှ ကမ္ဘာကအသိအမှတ်ပြုခဲ့သည့်ကဏ္ဍတွင် မြန်မာ့ကျောက်မျက်ရတနာကဏ္ဍသည် အရေးပါဆုံးကဏ္ဍဖြစ်မှု၊ မကြာခင်ကျင်းပပြုလုပ်မည့်ပြပွဲကြီးများတွင် မြန်မာ့ကျောက်မျက်ရတနာများ ပါဝင်ပြသနိုင်ရေး၊ ပြပွဲဆိုင်ရာ သတင်းအချက်အလက်များ ပေးပို့ဖြန့်ဝေနိုင်ရေး၊အသင်းချုပ်နှင့်နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ရေး၊ ညီနောင်အသင်းနှင့် ​ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းကွဲများ၏  ကွာခြားသတ်မှတ်ချက်များ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ဟန်၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့်၊ ဘဏ္ဍာရေးမှူး ဦးမောင်မောင်ဆန်း၊ အလုပ်အမှုဆောင် ဦးမော်ဦးနှင့် ဒေါ်ငွေရီဝင်းတို့ တက်ရောက်ခဲ့ကြသည်။

အောင်မြင့်(ပြန်/ ဆက်)