ငါန်းဇွန်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် အာကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ငါန်းဇွန်   ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ဥပဒေရုံး၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးရဲထက်နိုင်က မူးယစ်ဆေးဝါးနှင့် လူငယ်များခေါင်းစဉ်ဖြင့် ဘယ်လိုလူငယ်တွေ မူးယစ်သားကောင်ဖြစ်ရပုံ၊ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်သူများအား အပြစ်ပေးအရေးယူမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လူငယ်နှင့် ရည်မှန်းချက် ခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များအနေဖြင့် မှန်ကန်သော ဘဝရည်မှန်းချက် ထားရှိပြီး ရည်မှန်းချက်အောင်မြင်ရေးအတွက် မူးယစ်အန္တရာယ် ကင်းဝေးပြီး ပညာရည်ပြည့်ဝအောင် ကြိုးစားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှိုင်မိုးဟိန်းက ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ အထက်တန်းပြ ဆရာတစ်ဦးမှ လက်ခံရယူသည်။

ဆက်လက်၍ ဦးစီးအရာရှိ ဦးလှိုင်မိုးဟိန်းက လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့် ကျောင်းသား လူငယ်များသည် ခေါင်းဆောင်မှုစွမ်းရည် ပြည့်ဝစေရေးအတွက် ပညာသင်ယူကြရာတွင် အထောက်အကူဖြစ်စေဖို့  ကိုယ်လက်လှုပ်ရှားအားကစားဖြင့် မိမိကျန်းမာရေးအတွက် ပြုစုပျိုးထောင်သွားရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူရေးရာ အသိပညာပေး ခေါင်းစဉ်ဖြင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူပြည်သူများ ကုန်စည် ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားရမည့်နေရာ စသည်ဖြင့် အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။                         

သက်နောင်ဦး(ငါန်းဇွန်)