မအီ ဇွန် ၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြရတနာ) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသက်နောင်ထွန်းက ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါး ဆိုးကျိုးများနှင့် မအီမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆောင်ရွက်နေသည့် အသိပညာပေး လုပ်ငန်းများအကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းနှင့် “မူးယစ်ကင်းစင် မြူမတင်၊ ဖြူစင်လှပ လူ့ဘဝ” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုး အန္တရာယ်များကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့သည်။ ဆက်လက်၍ မအီနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်မျိုးဇင်ယုမှ ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ပြဋ္ဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများ အကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိက အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်းရာ ဆိုးကျိုးများ အကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ရောဂါဖြစ်သည့် (HIV/AIDS) ရောဂါအကြောင်းများကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာကြီးဦးသန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ အသိပညာပေး ဟောပြာပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲသို့ အထက်တန်း/ အလယ်တန်း အဆင့် ကျောင်းသားကျောင်းသူ ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)