ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောင်းသား၊ ကျောင်သူများအား သွားရောက်ကြည့်ရှုအားပေး

ဂန့်ဂေါ ဇွန် ၂၀

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများကို မေလ ၂၅ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံပြီး ကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ကာ သင်ခန်းစာများကို စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်နှင့် တာဝန်ရှိသူများတို့က ယနေ့နံနက် ၈ နာရီက ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်းများဖြစ်သည့် အမက (တပ်တွင်း)၊ အ.လ.က (မြောက်ကုန်း)၊ အ.လ.က (ခွဲ) ကျောတိုက်၊ အ.လ.က(ခွဲ)စည်ပင်သာယာ၊ အ.ထ.က (မြို့မ)နှင့် အ.ထ.က(ဂန့်ဂေါ) စသည့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ကျောင်းသားကျောင်းသူများအား ကျောင်းကိုနေ့စဉ်ပုံမှန်တက်ရောက်ကြရန်၊ ကျောင်းတက်ချိန်တွင် နယ်မြေခံစစ်တပ်နှင့် မြို့နယ်ရဲ တပ်ဖွဲ့ဝင်များတို့က လုံခြုံရေးအပြည့် အဝဆောင်ရွက်ထားကြောင်း၊ ဘေးစကား များကို မယုံကြည်ကြရန်၊ စာကိုသာ ဂရုတစိုက်သင်ကြားကြရန်နှင့် နိုင်ငံတော်က အားကိုးရသည့် ဘွဲ့ရပညာတတ်များဖြစ်အောင် ကြိုးစားကြရန် အားပေးစကား ပြောကြားခဲ့ ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)