မိုင်းဆတ်မြို့၌ “ရှောင်လေဝေးဝေးမူးယစ်ဆေး”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

မိုင်းဆတ် ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ သတင်းအချက်အလက်သိရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက အ.မ.က (တန့်ဆိုင်) ကျောင်း သို့ကွင်းဆင်း၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ဟောပြောပွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ပေးလျက်ရှိသည့် ပြပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေးလုပ်ငန်းများအကြောင်းရှင်းလင်းပြောကြားပြီး “ရှောင်လေဝေးဝေး မူးယစ်ဆေး”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးစမ်းသပ်သုံးစွဲခြင်း မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲပါက မိမိဘဝဆုံးရှုံးခြင်း၊ မိသားစုနှင့် ပတ်ဝန်းကျင်ထိခိုက်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကို အကျယ်တဝင့်ရှင်းလင်း၍ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အသိပညာပေးဓာတ်ပုံနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှု ခဲ့ကြပြီး မိမိတို့ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)