ကျောက်မဲ ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အ.လ.က(၃)ထခွဲကျောင်း၊ ရွှေရတုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.လ.က(၃)ထခွဲကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် မောင်နိုင်းနိုင်းအောင် (Grade-11)က လူငယ်နှင့် မူးယစ်ဆေးအန္တရာယ်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မယုဇနလွင် (Grade-11)က လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ကျော်ဇင်ဟိန်း (Grade-12)က လူငယ်နှင့်ပေါင်း သင်းဆက်ဆံရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မနေခြည်ဦး (Grade-11)က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ မသင်းရနံ့ကျော် (Grade-10) က လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများထဲမှ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များကို တက်ရောက်လာကြသည့် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲကြသည်။
မိုင်းထွန်း(ပြန်/ဆက်)