တာချီလိတ်မြို့၌ (၉၇)ကြိမ်မြောက် မြန်မာ-ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် TBC အစည်းအဝေးပြုလုပ်

တာချီလိတ် ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၉၇)ကြိမ်မြောက် မြန်မာ-ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် TBC အစည်းအဝေးကို နှစ်နိုင်ငံမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ 1G1-11 ဟိုတယ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေဆိုင်ရာကိစ္စရပ်များ၊ မယ်ဆိုင်ချောင်းရေအား ပူးတွဲအသုံးပြုရေးကိစ္စရပ်များ၊ မယ်ဆိုင်ချောင်း ရေကြီး၊ ရေလျှံရာတွင် ကြိုတင်သိရှိနိုင်ရေးအတွက် အချက်ပေးကိရိယာတပ်ဆင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ တောမီးရှို့ခြင်းနှင့် မီးခိုးမြူငွေ့ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသယှဉ်တွဲကျေးရွာ တောင့်တင်းခိုင်မာစီမံချက်အနေနှင့် နှစ်နိုင်ငံနယ်စပ်ရှိ ကျေးရွာများအား ပညာရေး၊ ကျန်းမာရေး၊ အားကစားကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ မယ်ဆိုင်ချောင်းအတွင်း တရားမဝင်ဖြတ်သန်း၍ မော်တော်ယာဉ်များ သယ်ဆောင်နေသည့်ကိစ္စများ၊ တာချီလိတ်ခရိုင်နှင့် ချင်းရိုင်ခရိုင်ကြား မူးယစ်ဆေးဝါးများ တရားမဝင်လမ်းကြောင်းမှ တင်ပို့နေမှုများ၊ လက်နက်ခဲယမ်းများ တရားမဝင်သယ်ဆောင်သည့် ကိစ္စရပ်များအပါအဝင် မြန်မာနိုင်ငံမှ ဆွေးနွေးရမည့်အချက် ၃၈ ချက်နှင့် ထိုင်းနိုင်ငံမှ ဆွေးနွေးရမည့် အချက် ၁၈ ချက်အား နှစ်ဖက်နိုင်ငံမှ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက  ကဏ္ဍအလိုက် ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)