လယ်ဝေး ဇွန် ၁၉
၂၀၂၃-ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက လယ်ဝေးမြို့နယ်၊ အ.ထ.က(သဲဖြူ)၌ ကျင်းပသည်။
ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ပြည်သူများအားပညာပေးလှုံ့ဆော်ရေးအဖွဲ့မှ တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေရာ ကျောင်းသားကျောင်းသူလေးများက ပျော်ရွှင်စွာအားပေးသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကားပြောကြားသည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးပြစ်မှုများနှင့် ပတ်သက်သည့်ဥပဒေများ၊ သက်ငယ်မုဒိမ်းအသိပညာပေးအကြောင်းအရာများ၊ အမှတ်(၇)ယာဥ်ထိန်းတပ်ဖွဲ့စု၊ လယ်ဝေးမြို့နယ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်ဝင်းစိုး ကယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမာက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအားဖြန့်ဝေကာ မူးယစ်အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများပြသရာ ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)