မိတ္ထီလာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းချီပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဇွန်၁၉

မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ၂ဝ၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့နံနက် ၉နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် ၂ဝ၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲနဲ့  အထက်တန်းအဆင့် ကဗျာရေးစပ် ပြိုင်ပွဲကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနဲ့ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး ဇွန်လ ၁၉ ရက်မှ ၂ဝ ရက်အထိ ကျင်းပ ပြုလုပ်တာဖြစ်ပါတယ်။ ဒီနေ့ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနဲ့ အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကို စတင်ကျင်းပ ပြုလုပ်တာပါ။ မနက်ဖြန် ဇွန် ၂ဝ ရက်နေ့မှာ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။

အဆိုပါ  ပြိုင်ပွဲများသို့ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲ ဝင် ၆ဝ ဦး၊  အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲတွင်  ပြိုင်ပွဲဝင် ၁၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိကြသူများ အား ဇွန်လ ၂၂ ရက်နေ့တွင် အထက (၁) ခန်းမ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ