ဆိပ်ကြီးခနောင်တို ဇွန် ၁၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် စာပေဝါသနာရှင် Book Club အသင်းဝင် ဒေါ်စန္ဒာက စာဖတ်ဝိုင်းပြုလုပ်ရာတွင် ဖတ်ရှုဆွေးနွေးမည့်စာအုပ်အကြောင်း အနည်းငယ်ရှင်းလင်း ပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းများပွင့်စေ မွှေးစေသူ” စာအုပ်ထဲမှ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ခေါင်းစဉ်ပါ အကြောင်းအရာကို Book Club အဖွဲ့ဝင် မသဲပွင့်ဖြူကလည်းကောင်း၊ Book Club အဖွဲ့ဝင် မအိမြတ်သူက “လူတော်လူကောင်းနှင့် ကျောင်းဆရာ” ခေါင်းစဉ်ပါ အကြောင်းအရာများကို အသီသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းများကိုပွင့်စေ မွှေးစေသူ” စာအုပ်၏ ဖော်ပြပါ ခေါင်းစဥ်တို့ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာဖတ်သူ လူငယ်များအနေဖြင့် “ဆရာ၊ ဆရာမများသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့် တစ်တန်းတည်းထားသည့် မြင့်မိုရ်တောင်ဦးမကကျူးသော မိဘနှင့်အတူ ကျေးဇူရှင် စာရင်းဝင်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း စေတနာ၊ မေတ္တာ ကောင်းလျှင် ဆရာကောင်းဖြစ်နိုင်ကြောင်း၊ ဆရာကောင်းဖြစ်လျှင် စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုကို ရရှိမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ တော်လျှင်၊ ကောင်းလျှင် “ဆရာကောင်းတပည့်၊ ပန်းကောင်းပန်” ဆိုသကဲ့သို့ တပည့်များကောင်းမည်၊ တော်မည်ဖြစ်ကြောင်း၊ တပည့်များကောင်းမှ အနာဂတ်လူ့ဘောင်တိုးတက်မည်ဖြစ်ကြောင်း” စသည်ဖြင့် သုံးသပ်ခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)