ပေါင်မြို့နယ်တွင် ငှက်ဖျားရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ပေါင် ဇွန် ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ငှက်ဖျားရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါတိုက်ဖျက်ရေး တာဝန်ခံ ဦးဂျွိုင်းကိုကိုက ငှက်ဖျားရောဂါ ဖြစ်ပွားလာရသည့် အကြောင်းအရာများ၊ ဖြစ်ပွားမှုမရှိအောင် ကာကွယ်ရမည့်အချက်များ၊ ငှက်ဖျားရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်တတ်သောကြောင့် ခြင်ထောင်များဖြင့်အိပ်ကြပါရန်၊ ငှက်ဖျားရောဂါဖြစ်ပွားလာပါကလည်း နီးစပ်ရာဆေးပေးခန်း နှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် အခမဲ့သွားရောက်ပြသခြင်းဖြင့် ဆေးကုသမှုခံယူကြရန် လိုအပ်ပါကြောင်း အိမ်တိုင်းမိသားစုတိုင်းကို ဆေးစိမ်ခြင်ထောင်များ အခမဲ့ဝေငှပေးထားခြင်းဖြင့် ငှက်ဖျားရောဂါများ ကာကွယ်ကြရန် စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ တိုးပွားစေရေးအတွက် အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)