မန့်ဟီးရိုး ဇွန် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ကျောင်းစာအပြင် အထွေထွေဗဟုသုတများ တိုးတက်မြင့်မားလာစေရေး၊ စာဖတ်ချင်စိတ် တိုးတက်လာစေရေးနှင့် စာပေနှင့် ရင်းနှီးထိတွေ့မှုများ ပြားလာစေရန်ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ယနေ့နံနက်(၁၀)အချိန်က စာဖတ်ဝိုင်း ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင်မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာအောင်က ယခုကဲ့သို စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာ ဗဟုသုတ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာ ဗဟုသုတတိုးပွားဖွယ် ကျန်းမာရေးသုတ စာစောင်များ၊ ဝတ္ထုများ၊ မဂ္ဂဇင်းများ၊ ဆောင်းပါးများ၊ နိုင်ငံခေါင်းဆောင်းကြီးများ၏ အဆိုအမိန့်များ/မိန့်ခွန်း ကောက်နုတ်ချက်များနှင့် နေ့စဉ်ထုတ်သတင်းစာများကို အခမဲ့ငှားရမ်းပေးလျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မနုဿကျော်ဝင်း(အမျိုးသားစာပေဆုရ) ရေးသားထားသော “တက္ကသိုလ် ဘယ်မှာ ရှိတယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ စာအုပ်/စာစောင်များ ခင်းကျင်းပြသဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှလည်း စိတ်ဝင်တစားဖတ်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
မန့်ဟီးရိုး(ပြန်/ဆက်)