မင်္ဂလာဒုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့်နံရံကပ်စာစောင်၊ စာအုပ်များခင်းကျင်းပြသ

မင်္ဂလာဒုံ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပရာ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး လာရောက်ယှဉ်ပြိုင် ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝုန်လွန်းညောင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများကျင်းပရ​ခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးသည် တစ်မျိုးသားလုံး၏ အဓိကရန်သူဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိရှိပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်အန္တရာယ် အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာပေအသိပညာဗဟုသုတများ မြင့်မားလာစေရန်အတွက် စာအုပ်များ ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခြင်းနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုမှတ်သားကြောင်း သိရသည်။ ထို့အပြင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို အအေးနှင့်မုန့်ကျွေးမွေး၍ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။

မြတ်သူဇာ (မင်္ဂလာဒုံ)