တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး Mask များ တပ်ဆင်ရန် ပညာပေး

တွံတေး အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို တွံတေးမြို့မ စည်ပင်သာယာစျေးနှင့် ဗောင်းတော်ချုပ်ဘုရား လမ်းဆုံတို့၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ပြည်သူများအနေဖြင့် ပြင်ပသို့ သွားလာရာတွင်လည်းကောင်း၊ စျေးရောင်း၊စျေးဝယ်ပြုရာတွင်လည်းကောင်း Mask တပ်ဆင်ခြင်းနှင့် Social Distancing နှင့်အညီ နေထိုင်သွားလာရန် ညွှန်ကြားထားရှိသော်လည်း တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ စျေးများ၊ လမ်းသွားလမ်းလာများ၊ စျေးများတွင် အချို့ Mask မတပ်ခြင်းရှိသူများအား ဒဏ်ကြေးငွေ( ၁၅၀)ကျပ် Mask တန်ဖိုး ၅၀ ကျပ် နှစ်ခုပေါင်း(၂၀၀)ကျပ် သတ်မှတ်ကောက်ခံလျက် Mask ဖြန့်ဝေတပ်ဆင်စေရေး ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက နေ့စဉ် ဆောင်ရွက်လျက် ရှိရာ စစ်ဆေးဆောင်ရွက်နေစဉ်အတွင်း ကျား(၂၅)ဦး၊ မ(၅)ဦးကို ဒဏ်ကြေးငွေရိုက်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Mask များဖြန့်ဝေရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ခရီးသွား ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ ဈေးသွားဈေးလာ လူထူထပ်သည့် နေရာများ တွင် Mask ယူဆောင် အသုံးပြုတပ်ဆင်ခြင်း အလေ့အထရှိစေရေး၊ လမ်းသွား၊ လမ်းလာပြည်သူများ Mask တပ်ဆင်ခြင်းမရှိသူများအား Mask များ ဝယ်ယူ တပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့်အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများဖြင့် အရှိန်အဟုန်မြှင့်ပညာပေး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)